.............

...........

The Buddhist monks protest against the military government to release all political prisoners, to stop civil war and for peace in Mandalay in Burma on 15 November, 2011

-------------------

..........

ကျွန်တော်လေးစားသော ဆရာကြီးဦးဝင်းတင်

ရှစ်လေးလုံး အရေးတော်ပုံ ခေါင်းဆောင်များ

..................

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Friday 30 December 2011

မင်္ဂလာ နှစ်သစ် ၂၀၁၂ ကိုကြိုရအောင် ( သံဒုတ် )

မိတ်ဆွေများ, ရဲဘော်ရဲဘက်များ, သူငယ်ချင်းများ ခင်ဗျာ .......

မင်္ဂလာပါလို့ ခင်မင်ရင်းနှီးစွာ ပထမဆုံး မိတ်ဆက်လိုက်ပါတယ်။ မနက်ဖြန်ဆိုရင် နှစ်သစ်ရောက်ပြီပေါ့။ ဒီနေ့ကတော့ ၂၀၁၁ခုနှစ်ရဲ့ နောက်ဆုံးတနေ့ပေါ့။ အခက်အခဲများ၊ ပြဿနာများ၊ အရှုပ်အထွေးများ၊ အဆင်မပြေမှုများ၊ စိတ်မချမ်းမြေ့စရာများ၊ ပဋိပက္ခများ၊ စစ်ပွဲများ၊ သဘာဝဘေးအန္တရယ်များ၊ မထင်မှတ်သော ဘေးဒုက္ခများ၊ မိမိကမလုပ်ဆောင်သော်လည်း မမျှော်လင့်ပဲရောက်လာတတ်သော ပြဿနာများ၊
 
မကောင်းမှုအားလုံး ၂၀၁၂ခုနှစ်တွင် ကင်းရှင်း ပါယ်ရှား မကျရောက်ပါစေကြောင်း နှစ်သစ်အတွက် ဆုတောင်းပါတယ်။

နှစ်သစ်တွင် အားလုံ ပျော်ရွှင်ချမ်းမြစေကြောင် ဆုတောင်းပါတယ်။

နောက်နှစ်မှာ ပြန်ဆုံကြရအောင်ပါ။

( သံဒုတ် )

Monday 26 December 2011

ရဲဘော်တို့ အရှုပ်ထဲက ရှင်းအောင်နေ ( သံဒုတ် )

ဒီနေ့ နယ်စပ်မှာ ဖြစ်နေတာကိုပြောတာပါ။ သိန်းစိန်အစိုးရက ရထားဝန်ကြီး အောင်မင်းလား မင်းအောင်လား မသိပါဘူး။ ( သိတယ် မပြောချင်လို့ ) အဲဒီကောင်နဲ့တွေ့ရရင်ကို လူရာဝင်နေပြီမှတ်နေကြသလား မသိဘူး ။ ထိုင်စကားပြောကြ။ ဓါတ်ပုံရိုက်ရရင်ကို အဟုတ်မှတ်နေတဲ့ကောင်တွေက ရှိသေးတယ်။

တကယ်လက်နက်ကိုင်တိုက်နေကြလို့ လူတွေဒုက္ခရောက်ကြ၊ နေ့စဉ်လူတွေသေကြလို့ အပစ်ရပ်ဖို့ စကားပြောကြဖို့လုပ်တာကို မပြောချင်ပါ ဘူး။ လက်တွေတိုက်နေတဲ့ ကချင်လို KIA လို KNU လို အခြားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တတန်းတစားထဲထားလို့မရဘူးဆိုတာ ကိုတော့ ပြောရတော့မယ်။ ဆွေးနွေးတဲ့ ပုံသဏ္ဍန် တွေကမတူပါဘူး။ ဆွေးနွေးရေးတွေက ဘယ်လောက်ခက်ခဲသလဲ။ ညီညွတ်ရေးကို စစ်ရေးသဘော နိုင်ငံရေး သဘော တပ်ပေါင်းစုသဘော ရှာနေကြတဲ့ အချိန်မှာ ------

ခုတလော မဖွယ်မရာမြင်တွေ့ ကြားသိနေရတာက  တကိုယ်တော်ဆွေးနွေးတွေ့ ဆုံနေကြတဲ့ FDB က အထွေထွေအတွင်းရေးမှုဆို တဲ့ကို နိုင်အောင်လို လူမျိုးတွေက မီးရထားဝန်ကြီး အောင်မင်းနဲ့ ဘယ်သူမှ အကြောင်းမကြား တကိုယ်တော် လျွှိုဝှက်တွေ့ဆုံ ဆွေးနွေးမှုတွေပြု  လာတယ်။ နောက်မှ ဘာတွေဆွေးနွေးပါတယ်ဆိုပြီး ထုတ်ပြန်လာတယ်။  တွေ့ဆုံမှုတွေက လွယ်လိုက်တာ မြန်လိုက်တာလို့ စဉ်းစား မိတယ်။ သာမန် ရဲဘော်တယောက်ဆိုရင် ရန်သူနဲ့ဆက်တယ်လို့ သဘောထားကြမယ်ထင်တယ်။ သစ္စာဖေါက် ဘာညာပေါ့ အရေးယူမယ်ထင်တယ်။ အနည်းဆုံးတော့ အဖွဲ့အစည်းက ထုတ်ပစ်တာခံရမယ်။ ကံမကောင်းးရင်တော့ ------
FDB အဖွဲ့က လျှို့ဝှက်စွာ နိုင်အောင်ကို ကြားထားပြီး ဦးသိန်းစိန် အစိုးရနဲ့ ဆွေးနွေးဖို့ အစီအစဉ်ရှိနေပြီလားဆိုတာလည်း စဉ်းစားစရာဖြစ် လာပါတယ်။ သေချာတယ် နိုင်အောင်မှာ ဦးသိန်စိန်အစိုးရကို ဆက်သွယ်နိုင်တဲ့ ဆက်သွယ်ကောင်းတွေရှိနေတယ်။

NLD (LA)က နိုင်ငံခြားရေးတာဝန်ခံဆိုတဲ့ ကိုညိုအုန်းမြင့်လိုလူမျိုးကလည်း -  ရထားဝန်ကြီးရဲ့ ကြားပွဲစားလို လုပ်လာတာတွေ့ရတယ်။
( PNLO နှင့် ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် အကျိုးဆောင်များတွင် ထိုင်းနိုင်ငံအခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်- လွတ်မြောက်နယ်မြေ၏ နိုင်ငံခြားရေးတာဝန်ခံ ဦးညိုအုန်းမြင့်လည်း ပါဝင်သည်လို့ ... မဇ္ဈိမမှာ - အထူး ကိုယ်စားလှယ် ဦးအောင်မင်း PNLO ဥက္ကဌ နှင့်ဆွေးနွေး သတင်းမှာတွေ့လာရတယ် )
ရထားဝန်ကြီး အောင်မင်းနဲ့တွေ့ရင်ကို ဂုဏ်ယူနေပုံရတယ်။ NLD ( LA)ရဲ့တာဝန်ပေးချက်နဲ့လား။ NLD (LA)ကရော ရထားဝန်ကြီး အောင်မင်းနဲ့ တွေ့ဆုံဆွေးနွေးနေကြပြီလား။ NLD ( LA)က ခေါင်းဆောင်ကြီးတွေဆိုပြီး လုပ်ချင်ရာလုပ်ကြ ဆိုပြီး တာဝန်ပေးထားသလား ဒါမှမဟုတ် စေ့စပ်ဆွေးနွေးရေး မှုရှိထားသလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ဒါမှမဟုတ် တပ်ပေါင်းစုတွေကို ဒီမိုကရေစီလုပ်နေကြတဲ့ အဖွဲ့အစည်းအသီးသီးကို ဘာမှဆောက်ဂရုစိုက်စရာ မလိုဘူး ငါတို့လုပ်ချင်ရာ လုပ်မယ်ဆိုပြီး  မူမဲ့ဘောင်မဲ့ လုပ်လာချင်ရာ လုပ်မယ်လို့ သူတို့တတွေ တွေးထင်လာကြပုံရတယ်။

သူတို့တတွေ သေနတ် တချက်မှ မဖေါက်ပဲ ဒီမိုကစီတိုက်ပွဲမှာ ဦးသိန်စိန်အစိုးရကို အသိအမှတ်ပြုလိုက်တာကတော့ သေချာတယ်။ NLD လောက်ကိုပဲ နိုင်ငံရေးလုပ်နေတယ်လို့ထင်ပုံရတယ်။ လွတ်လွတ်လပ်လပ် ဦးသိန်းစိန်အစိုးရနဲ့ ဆွေးနွေနိုင်ပါတယ်။ ရိုးသားပါ။ ရှင်းရှင်းလင်းလင်းလုပ်ပါ။ ခင်ဗျာတို့ လုပ်နေတာတွေကို ကျွန်တော်တို့ လက်မခံဘူးဆိုတာ သိစေချင်တယ်။ ဒီဖက်မှာတော့ အတွေးအခေါ်ရှုပ်အောင် မလုပ်စေချင်ဘူး။ ပြည်သူတွေကို ပြောလိုက်မယ် သူတို့နဲ့ မတူဘူးလို့။


နိုင်ငံရေးသမားမှာ နိုင်ငံရေး ကျင့်ဝတ်ဆိုတာရှိပါတယ်။ တပ်ပေါင်းစုခေါင်းဆောင်က တပ်ပေါင်းစုဆိုင်ရာ နိုင်ငံရေးကျင့်ဝတ်ဆိုတာရှိပါ တယ်။ စေ့စပ်ဆွေးနွေးရေးကို မူဘောင်မဲ့စွာ ကျင့်သုံးလို့မရဘူးလို့ထင်ပါတယ်။

နိုင်ငံရေးအဖွဲ့အစည်းးက လူတယောက်ဟာ တယောက်တည်း ကိုယ့်သဘောနဲ့ကိုယ် ဦးသိန်းစိန်အစိုးရနဲ့ ခိုးဆွေးနွေးတာဟာ နိုင်ငံရေးကျင့်ဝတ်သိက္ခာမဲ့မှုပဲ။ ဦးသိန်းစိန်အစိုးရနဲ့ကလည်းတွေ့ချင် မူကလည်းမချရဲများဖြစ်နေသလားမသိဘူး။

နယ်စပ်တကျောမှာ။ ဒီနေ့ နိုင်ငံရေးဝန်းကျင်က ဒီမိုကရေစီတော်လှန်ရေးက မပျက်စီးသေးဘူးပါဘူး ။အားလုံးက အခြေအနေနဲ့ အညီပြင်နေကြတာပါ။ ရန်သူနဲ့ တကိုယ်တော်တွေ့ဆုံဆွေးနွေးရေးဆိုတာ အဖွဲ့အစည်းတွင်းမှာ ညီညွတ်ရေးကို ပျက်စေတယ်။ နောက်ပြီး တပ်ပေါင်းစုနဲ့ အောင်ပွဲခံရေးဆိုတဲ့ အတွေးအခေါ်နဲ့ ဖီလာဆန့်ကျင်ဖက်ပဲ။

ရဲဘော်တို့ ကိုယ်ရဲ့ပြည်သူတွေ ကိုယ်ရဲ့မဟာမိတ်တွေ ကိုယ်ရဲ့ ရဲဘော်ရဲဘက်တွေအမြင်မှာ ဒီလို ရှုပ်ရှုပ်ထွေးထွေး အချိန်မှာ ရှင်းရှင်းလင်းလင်း ဖြစ်အောင်နေကြရအောင်ပါ။

( သံဒုတ် )

Sunday 25 December 2011

ငါဟာကျောင်းသား အစစ်ဖြစ်တယ်။ ( သံဒုတ် )

ငါတို့ဟာ ကျောင်းသားအစစ်တွေဖြစ်တယ် ကွ။ ငါတို့ဟာ ကျောင်းသားအစစ်တွေ ဖြစ်တယ်ကွ။ သူများကို လူမဆန်စွာ မသတ်ရဲပေမဲ့ တော်လှန်ရေးမှာ ဘယ်လို ပုန်သဏ္ဍန် နဲ့ သေရသေရ သေရဲတယ်မှတ်ပါ။ သေရဲလို့ တော်လှန်ရေးလုပ်နေတာ။ ငါ့နာမည် သံဒုတ်ဖြစ်တယ်။ ငါမှာ အုပ်စုမရှိဘူး ဂိုဏ်မရှိဘူး၊
ငါတို့ ရန်သူနဲ့ စေ့စပ်တဲ့ သမိုင်းမရှိဘူးကွ။ မြောက်ပိုင်းမှာ လူမဆန်စွာ အသတ်ခံခဲ့ရတဲ့ ရဲဘော်တွေကို သံဒုတ် အလေးပြုတယ်။ ငါဟာကျောင်းသား အစစ်ဖြစ်တယ်။
( သံဒုတ် )

Thursday 22 December 2011

Tuesday 20 December 2011

ခွပ်ဒေါင်းလုပွဲ လမ်းမထက်က ကျောချင်းကပ် သပိတ်တိုက်ပွဲများ ( သံဒုတ်) - အပိုင်း ၁

ရှစ်လေးလုံးကာလ စက်တင်ဘာ ၁၈ရက် အာဏာသိမ်းတဲ့ နေ့က ကျွန်တော်က မန္တလေးမှာရောက်နေတယ်။ အဓိကလာရတဲ့ အကြောင်းအရင်း က မန္တလေး သပိတ်တပ်ပေါင်းစုက အထက်ဗမာပြည် သပိတ်တပ်ပေါင်းစု ညီလာခံခေါ်မဲ့ကိစ္စမှာ ကျွန်တော်တို့ ကျောက်ဆည် သပိတ်ကော်မတီ က တတ်နိုင်  ဖက်က ပူးပေါင်းဆောင်ရွက်မလို့ပါ။ အဲဒီနေ့ မတိုင်မှီကထဲက သပိတ်ကာလ အတွင်း ကျွန်တော်အဖေကတော့ မန္တလေးကို   မကြာမကြာ သွားနေတယ်။ အဓိကကတော့ နိုင်ငံရေးကိစ္စတွေကို သူရဲ့ မိတ်ဆွေတွေနဲ့ သွားဆွေးနွေတယ်လို့ပဲ သိရတယ်။ကျွန်တော်အဖေ အနေဖြင့် သပိတ်ကာလ အထက်ဗမာပြည် ညီလာ ခံခေါ်မဲ့ ကိစ္စသိထားပြီးဖြစ်ပုံရတယ်။ ဒါကြောင့် ကျောက်ဆည်သပိတ်ကော်မတီမှာ ဒီကိစ္စ ကို ဆွေးနွေးတော့ အားလုံးက သဘောတူထောက်ခံပြီး လူလွှတ်ကူညီဖို့အထိ အစည်းအဝေးမှာကို ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ မန္တလေးကို ဂျစ်ကားနဲ့ လာခဲ့ကြတယ်။

သပိတ်တပ်ပေါင်းစုက မန္တလေးဘုရားကြီးနားက စစ်ကိုင်းသွားတဲ့ လမ်းဘေးက ဓမ္မာရုံတခုမှာ စုရပ်လုပ်ထားပုံရတယ်။ အဲဒီကိုသွားရတယ်။
မန္တလေးရောက်တော့ သပိတ်တပ်ပေါင်းစုက သက်ဆိုင်ရာ တာဝန်ရှိသူတွေက လူခွဲပြီး နယ်တွေကို လူခွဲပြီးတောင် လွှတ်နေပြီ။
ကျောင်းသား တွေ၊ လူငယ်တွေ လည်းပါတယ်။ အထက်ဗမာပြည် ညီလာခံခေါ်ရေးအတွက် နယ်အသီးသီးမှာ ရှိတဲ့ သပိတ်ကော်မတီတွေကို စည်းရုံးဆွေးနွေးပြီးရှင်းပြဖို့၊ ညီလာခံ ကိုယ်စ လှယ်ရွေးခိုင်း ဖို့လို့  သိရတယ်။ ကျွန်တော်တို့ ကျောက်ဆည်က သပိတ်ကော်မတီဝင်တွေဖြစ်တဲ့ ကိုတင်အေးကိုနဲ့ ဆရာပိတ်တို့ကို မြေ လတ်က ငဖယ်ဖက်ကို သွားဖို့တာဝန်ပေးပြီး လွှတ်လိုက် တယ်။ လမ်းတ၀က်မှာ အာဏာသိမ်းတာနဲ့ ကြုံပြီး သွားရမဲ့နေရာတောင် မရောက်ပဲ တော်တော်အခက် အခဲကြုံပြီး ကားကမရှိ ရှေ့ဆက်လို့မရ  ပဲပြန် လာခဲ့ ကြ တာကို သတိထားမိတယ်။

ကျွန်တော်ကိုတော့ သူတို့က မူဆယ်၊နန်ခမ်း ရှမ်းပြည်ဖက်ကို ကျောင်းသားတွေနဲ့ သွားပေးလို့ ရမလားမေးတော့ သွားပေးရန်သဘောတူ လိုက်တယ်။ မန္တလေးသပိတ်တပ်ပေါင်းစုက လူကြီး ပိုင်းတော်တော်များများဟာ မ.န.တ လို့ခေါ်တဲ့ အမျိုးသားနိုင်ငံရေး တပ်ပေါင်းစုလို့ ခေါ် တဲ့  နိုင်ငံရေး ပါတီ ၀င်တွေ ဖြစ်လာတာကို တွေ့ရတယ်။ ကျွန်တော်တို့သွားမဲ့ ခရီးအတွက်ကိုတော့ လက်ဖက် ပွဲရုံတခုက ကားစီ စဉ်ပေးမယ် လို့ ပြောပြတယ်။ အဲဒီခရီးစဉ်မှာ နန်းရှေ့က RIT သူငယ်ချင်းတချို့လည်းပါတယ်။ အဲဒီလို ပြောကြ၊ ဆွေးနွေးကြ၊ ခရီးစဉ်အတွက် စီစဉ်နေ တုန်းမှာ အာဏာသိမ်းတာဖြစ်လာပါတယ်။  အမှတ်ရ စရာက ရန်ကုန်တက္ကသိုလ်က ကိုလေးလွင် (မကဒ) နဲ့ စုရပ်ဖြစ်တဲ့ ဓမ္မာရုံထဲ စကားပြောနေတုန်း မှာ လေးဒီယိုက အာဏာသိမ်းတဲ့ အကြောင်းကြေငြာ လိုက်တာဖြစ်ပါတယ်။ ကိုလေးလွင်နဲ့ စကားဖြတ်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂရှိရာ ဆုံရာ စုဝေရာ ရတနာဘုံမိ မန္တလေးတက့္ကသိုလ်နဲ့ မျက်စောင်းထိုးမှာရှိတဲ့ အမှတ် ၂၂ အထက ကျောင်းဖက်ထွက်လာခဲ့ပါတယ်။ အဓိကကတော့ ကိုယ်နဲ့ ရင်းနှီး တဲ့ RIT သူငယ်ချင်းတွေလည်း အဲဒီမှာရှိတာကြောင့် တိုင်ပင် ဆွေးနွေးလို့ရနိုင် တာကြောင့် ဖြစ်ပါ တယ်။

ညရောက်တဲ့အခါ ကျောင်းသားအားလုံးကို ဘုရားကြီးက မီးသတ်ရုံးထဲမှာ ဖွင့်ထားတဲ့ သပိတ်တပ်ပေါင်းစုက ခေါ်တယ်လို့ထင်ပါတယ်။ အဲဒါကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှာရှိတဲ့ ကျောင်းသားအားလုံးဟာ သပိတ်စခန်းကနေ ခြေလျှင် တန်းစီ ပြီး ကျောင်းသားသမဂ္ဂ သီချင်းများဆိုပြီး ချီတက်သွားခဲ့ကြပါတယ်။ အမှန်တော့ ရတနာဘုံမိတက္ကသိုလ်နဲ့ ဘုရားကြီးဟာ တော်တော်ဝေးတဲ့  ခရီးပါ။ ဒါပေမဲ့ အားလုံက တက်ကြွနေကြ တာကြောင့် ဝေးမှန်းတောင်မသိကြပါဘူး။ မကြာပါဘူး စစ်ကားတစီးနဲ့ထိပ်တိုက်တိုးကြတော့တာ  ပါ။ နန်တွင်းထဲသွားမဲ့ မျက်ပါးရပ်ဖက်ကလာတဲ့ မန္တလေးမြို့ခံတပ်လို့ထင်ပါတယ်။  ကျွန်တော်တို့ အားလုံးကလည်း ကျောင်းသားသမဂ္ဂသီချင်း  ဆိုပြီး လမ်းဖယ်မပေးပဲ စစ်ကားကို ပိတ်ရပ်ပြီး  သမဂ္ဂသီးချင်း ဆိုပြီး လမ်းမလယ်မှာ ရပ်နေကြပါတယ်။ စစ်ကားလည်း ဆက်မောင်းလို့မရ ကျွန်တော် တို့ ကျောင်းသားတွေလည်း ချီတက်မရ တင်းတင်းမာမာ ဖြစ်နေကြတာပါ။ ရပ်ကွက်ထဲက လူတွေက ထွက် လာပြီး ကြည့်နေကြပါတယ်၊ နောင်ဆုံးမှာတော့ ထိပ်တိုက်မဖြစ်ချင်တာကြောင့် စစ်ကားသွားဖို့ ခွင့်ပြု လိုက်ပါတယ်။ ဘုရားကြီးက တပ်ပေါင်းစု သပိတ်စခန်းကို ချောမောစွာရောက်ရှိပြီး တညလုံး လုံခြုံရေး ယူခဲ့ကြရပါတယ်။

စက်တင်ဘာ ၁၉ရက်နေ့မှာတော့ ဆုံရပ်ဖြစ်တဲ့ အမှတ် ၂၂ အထကမှာ ပြန်လာခဲ့ကြပါတယ်။ အာဏာသိမ်း လိုက်တာကြောင့် အခြေ အနေတွေက ဘာဖြစ်မှန်းမသိ ခန့်မှန်ရခက်နေပြီး အထက်ဗမာပြည် ညီလာခံခေါ် ယူရေး ခရီးစဉ်ကို တော့မဖျက်သေးပါဘူး၊ အဲဒီနေ့မှာပဲ လက်နက်ကိုင်တော်လှန်ဖို့ တောခိုဖို့ စဆွေးနွေးနေကြပါပြီ။ ရတနာဘုံမိ တက္ကသိုလ်ဖက်မှာလည်း မန္တလေးတ့က္ကသိုလ် ကျောင်း သားများက သပိတ်စခန်းဖွင့်ထားပါတယ်။ တံခါးမှာ ခွပ်ဒေါင်းအလံကို ချိတ်ဆွဲထားပါတယ်။  နေ့လည် အချိန်လောက် မှာတော့ စစ်တပ်က ခြေလျှင် ချီတက်လာပြီး ခွပ်ဒေါင်းအလံကို ဖြုတ်ချပြီးယူသွားပါတယ်။

စစ်တပ်က ခွပ်ဒေါင်းအလံကို ဖြုတ်ချပြီးယူသွားပြီဆိုတဲ့ သတင်းကို ကြားလျှင် ကြားချင်းအားလုံးဟာ ဒေါသလည်းဖြစ်ကာ မခံမ ရပ်နိုင်ဖြစ်သွား ကြပါတယ်။ အားလုံးဟာ လူစုနဲ့ချီတက်ပြီး မရရအောင် ဖြစ်တဲ့နည်းနဲ့ စစ်တပ်လက်ထဲကပြန်ယူမယ်ဆိုပြီး သဘောတူ ဆန္ဒပြုလိုက်ကြပါတယ်။ စစ်တပ် က တက္ကသိုလ်နဲ့ မနီးမဝေက မီးရထားသံလမ်းအရှေ့ဖက်မှာ တပ်ဆွဲထားပါ တယ်။ ကျောင်းသား အားလုံးဟာ ရရာ ရှိတဲ့ လက်နက်တွေနဲ့ လေးဂွတွေ ဂျင်ဂလိတွေ ခဲတွေ ဒါးတွေကိုင်ပြီး စစ်တပ် တပ်ဆွဲထား တဲ့နေရာ ကို ကျောင်းသား သမဂ္ဂ  သီချင်းတွေဆိုပြီး ချီတက်ကြပါတယ်။ မန္တလေးအခေါ် ဆိုရင်တော့ အေလမ်းပေါ်ကို ဖြတ်ထားတဲ့ မီးရထားသံလမ်း အရှေ့ဖက်မှာ စစ်တပ်က တပ်ချထား တယ် လို့ ပြောရမှာပါ။ အေလမ်းပေါ် မီးရထားသံလမ်းရဲ့ တခါးနားရောက်တော့ စစ်တပ် က ကျောင်း သားတွေ ကို ချီတက် ခွင့်မပေးတော့ပဲ သံလမ်းတခါးလဲ ပိတ်ထား သေနတ် ကို မောင်းတင်ပြီး ချိန်ထား လိုက် ပါတော့ တယ်။
ကျောင်းသားအား လုံးဟာ ကျောင်းသားသမဂ္ဂသီချင်းကို စစ်တပ်ရှေ့မှာ သံပြိုင်ကို သီဆိုကြပါတယ်။ အလံကိုပြန်ပေးဖို့ ပြောတဲ့သူကပြော ဂျင်ဂလိတွေနဲ့ ချိန်ထားတဲ့သူတွေကချိန် အနီးကပ်ကို ထိပ်တိုက်တွေ့နေကြပါတယ်။ တချို့စစ်သားတွေက လန့်နေပုံရပါတယ်။ ကျောင်းသားအား လုံးဟာ ကြောက်စိတ်ကင်းမဲနေကြပါတယ်။ တချို့က ခဲလုံးတွေ စပစ်နေပါပြီ။
စစ်ဗိုလ် က သူအမိန့်မပေးပဲ ဘာမှမလုပ်ဘို့ သူ့စစ်သားတွေကို ပြောနေပါတယ်။ ဘယ်လောက်အထိ ကပ်နေ သလဲ ဆိုရင် သံလမ်း ဟိုဖက်ဒီဖက်လို့တောင်ပြောရမှာပါ။ အလယ်ကောင်မှာက စစ်ဗိုလ် နဲ့ ကျောင်းသားတချို့ အလံပြန်ပေးဖို့ ဆွေးနွေးနေကြပါတယ်။
ကျောင်းသား အားလုံးက ချီတက်ပြီး ဇွတ်ယူရန် ညာသံပေး အော်ဟစ်နေကြ တာပါ။ဖြစ်ချင်ရာဖြစ် ကြောက် စိတ်မရှိကြပါဘူး။
နောက်ဆုံးတော့ စစ်ဗိုလ်က ခွပ်ဒေါင်းအလံကို သွားယူပြီး ကျောင်းသားတွေ လက်ထဲကို ပြန်ထည့်ပေး လိုက်ရ ပါတော့တယ်။

ကျောင်းသားအားလုံးဟာ ခွပ်ဒေါင်းအလံကို ရင်ဝယ်ပိုက်၍ ကျောင်းသား သမဂ္ဂသီချင်း ဆို ၍ အောင်မြင် ၀မ်းမြောက်စွာ ပြန်လာ ခဲ့ကြပါတယ်။ ရတနာဘုံမိ မန္တလေး တက္ကသိုလ် တခါးဝတွင် ခွပ်ဒေါင်း အလံ ကို ပြန်ချိတ်ဆွဲ ထားလိုက်ကြပါသည်။

ကျောချင်းကပ်တိုက်ပွဲပေါ့။

နောက်နေ့မှ ဆက်ပါအုံးမည်။

( သံဒုတ် )

http://www.thandoke8888.blogspot.com/

Sunday 18 December 2011

Saturday 17 December 2011

ခေါင်းစဉ်မရှိဘူး - ရေးချင်တာရေးနေတာ - ထင်ရာမြင်ရာ ( သံဒုတ် ) - အပိုင်း ၃

လူ့ပြည်မှာ လူတွေနေကြတယ်။ လူလိမ်တွေများတယ်။ အများထဲမှာ ကျွန်တော် မပါ မဟုတ် ။
ဟန်ဆောင်မှုမရှိပဲ အသက်ရှင်လို့ကို မရဘူးဆိုတော့ ဘိန်းဆွဲသလို ဟန်ဆောင်မှုဆွဲပြီး အသက်ရှင်နေကြရတာကိုက
အသက်မဲ့နေတာပါပဲ။

အရိုးသားဆုံးဆိုတာ သမိုင်းဦးဘုံမြေခေတ်ပဲရှိတယ်။ အဲဒီခေတ်က လူတွေထက် ဘယ်သူရိုးသားနိုင်အုံးမလဲ။
တကောင်ကြွက် အထီးကျန်ဆိုတာ နှောင့်ကြီုးမဲ့ တန်ဖိုးရှိတဲ့ လွတ်လပ်မှုတခုပါ၊ အကြောက်တရားကသာ အုပ်စုဖွဲ့ တည်ရှိလေ့ ရှိကြတယ်။


မရှိတဲ့ဂုဏ်သိက္ခာတွေကို ဘာလို့များစဉ်းစားမိပါလိမ့်၊ ကျေးဇူးအတင်ခံချင်တာလဲ အခေါက်ခေါက်အခါခါ။
အမှန်တော့ဒါတွေဟာ ရေပွက်ပမာ တခဏတာ ကိစ္စတွေဆိုတာ သိနေသင့်တယ်။ ရေရှည်ခံတဲ့ဟာတွေ မဟုတ်ဘူး။

မျှော်လင့်ချက်ဆိုတာကို ကံတရားနဲ့တွဲထားပြီး လောဘမကြီးတာ ကောင်းမယ်။
လိုရင်းကိုမရောက်ဘဲ ဘာမှမဟုတ်သလို ပြီးသွားတာကများပြီ။

တခါတခါတော့လည်း ရီစရာကောင်းသား၊ ရုပ်ရှင်ထဲက မင်းသမီးငိုသလို အပြင်မှာလိုက်ပြီး ၀မ်းနည်းကြတယ်။
ဒါကိုဘဲ အကျေနပ်ကြီး ကျေနပ်နေကြ၊ လွမ်းကြ၊ ဆွေးကြ၊ အားပေးကြ၊ ဘာလိုပဲဖြစ်ဖြစ်ပါ
ဘာမဟုတ်တဲ့ ကိုယ့်ဘ၀ကိုယ်မမေဖို့ သင်္ဘောမမှောက်ဖို့၊ ထမင်းနပ်မှန်ဖို့၊ ဦးစားပေးအဆင့်တစ်မှာ ထားရအုံးမယ်။

လူတွေကပဲကြောက်တတ်သလား ဒါမှမဟုတ် ကိုယ်ကိုတိုင်ကပဲ အကြောက်လွန်နေသလားမသိဘူး။
တခုတော့ တခုခုပဲ ဝေခွဲရခက်နေတယ်။ပညာ၊ စေတနာ၊ သဒ္ဒါတရားနဲ့ အကြောက်တရားကို ပယ်လို့ရနိုင်မလားလို့
သုတေသနလုပ်ကြည့်ရင် ကောင်းမယ်ထင်တယ်။

အော် .. လူ့စိတ်ဆိုတာ ခက်သားပါလား။ ကျော်ဟိန်းက သရုပ်ဆောင်ကောင်းကြောင်း၊ အကယ်ဒမီဆုတွေအများကြီးရကြောင်း လူပြောများတယ်။ ကျွန်တော်က ကျော်ဟိန်းဆို ကြည့်လို့ကို မရဘူး။ ကျွန်တော်ကို ကြည့်လို့မရတဲ့ လူတွေကို နားလည်နိုင်တယ်။

လူ့သက်တမ်းမှာ မိတ်ဆွေလည်းများများမရှိချင်ဘူး။ သူငယ်ချင်းလည်း များများမထားချင်ဘူး။
နေတတ်သလိုပဲ နေတတ်တယ်။ ဘာမှလည်းမဖြစ်ဘူး။ ဘာမှလည်း မဟုတ်ဘူး။
တခါတခါ လူမှုရေးဆိုတာ အရှုပ်ထုတ်လိုပဲ အလုပ်ရှုပ်တယ်။
ခင်မင်မှုနဲ့ ရင်းနှီးမှုကို ပကာသနနဲ့ ၀င့်ကြွား ဂုဏ်မယူချင်သလို နေမြင် ညပျောက်တွေကအများကြီးပဲ။


( သံဒုတ် )

နောက်နေ့များတွင် ဆက်ရေးပါအုံးမယ်။

Thursday 15 December 2011

အခြေအနေကတော့ မြင်တဲ့အတိုင်းပဲ (သံဒုတ်)

အခြေအနေကတော့ မြင်တဲ့အတိုင်းပဲ။

စစ်အာဏာရှင်စနစ်အောက်မှာ တော်လှန်ဆန့်ကျင်တဲ့ လုပ်ကွင်းလုပ်ကွက် ပေါမှပေါပဲ။ ဘယ်လိုနည်းလမ်းနဲ့ လုပ်ရင်ကောင်းမလဲဆိုတဲ့မေးခွန်းမေးတတ်ကြလွန်းလို့ပါ။ သေချာတာ ကိုယ်ယုံကြည်တာ ကိုယ်လုပ်ကြတယ်။ လူထုသဘောထားနဲ့ ချိန်ထိုးတွက်ဆကြတယ်။ ရန်သူရဲ့ သဘောထား လက်တွေ့တုန့်ပြန်မှုနဲ့ အစဉ်အလာ လုပ်ဟန်ဒါတွေကို စဉ်းစားကြတယ်။

ဗမာပြည်တော်လှန်ရေးက နိုင်ငံရေးအရ မဟာဗျူဟာ နှင့် တိုက်ပွဲသဏ္ဍန်ကို ညှိပြီး နည်းလမ်း စုံတော်လှန်နေတဲ့ တော်လှန်ရေးပဲ။

လူမျိုးစုံတယ်။ လူတန်းစားစုံတယ်။ တိုက်ပွဲသဏ္ဍန်စုံတယ်။ လက်နက်ကိုင်တိုက်ပွဲက အားကောင်းဆဲပဲ။ လူထုလူတန်းစားတိုက်ပွဲကလည်း အားကောင်းဆဲပဲ။ နေ့တိုင်း စစ်အစိုးရကို ဆန့်ကျင်တာ၊ သပိတ်မှောက်နေတာ၊ လက်နက်ကိုင်တိုက်နေတာ၊ဒါဟာထည့်ကိုတွက်ရမဲ့ စဉ်းစားရမဲ့ ဗမာပြည်အခြေအနေပါပဲ။

စစ်အစိုးရနဲ့ ထဲထဲဝင်ဝင် နေ့စဉ်နဲ့အမျှဆက်ဆံနေရတဲ့သူတွေရှိသလို လက်နက်ကိုင် တိုက်နေကြတဲ့ သူတွေလည်းရှိပါတယ်။ ရွေးကောက်ပွဲဝင် တမတ်သားပါလီမန်ထဲသွားချင်တဲ့သူရှိသလို ပါလီမန်ကို လက်မခံတဲ့သူတွေလည်းရှိပါတယ်။

စစ်အစိုးရအပေါ်ထားရှိတဲ့ သဘောထားနဲ့ မဟာဗျူဟာ ကွဲရင် နိုင်ငံရေး သဘောထားကွဲကြတာပါပဲ။ အသစ်ကိစ္စတော့ မဟုတ်ပါဘူး ။ ငါ့ကို မျက်နှာသာပေးထားတာ ငါတော်လို့ထင်ရင် မှားလိမ်မယ်။ နောက်ဆုံးငါအလှည့် ချေမှုန်းမခံရအောင် သတိထားပေါ့။

ှသေချာတယ် တော်လှန်ရေး ပြီးတဲ့အထိ ကျွန်တော် အသက်ရှင်နေအုံးမယ် ထင်တယ်။ အမှားအမှန်အတွက် ပြိုင်ဆိုင်တာမှ မဟုတ်တာ။

တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကတော့ စစ်အစိုးရကရော၊NLD ကရော နှစ်ဦးသဘောတူ လိုလိုလားလား ပိတ်လိုက်ကြပြီ။ တမတ်သားပါလီမန်ထဲကို ရွှေ့လိုက်ကြပြီ။

သေချာတာက မူဝါဒလမ်းစဉ် ဦးတည်ချက်မှားရင်၊ မဟာဗျူဟာမှားရင် အမြန်ဆုံး ဆင်ခြင်သတိပြုနိုင်တဲ့ ဥာဏ်ရနိုင်ဖို့ လူထုအတွက် ကိုယ်တွင်း အတ္တများ ဖယ်ရှားနိုင်ရေး ဟာ နိုင်ငံရေးသမားကောင်း တော်လှန်ရေးသမားကောင်းတယောက်ရဲ့ တာဝန်တခု အရေးကြီးတယ်လို့ထင်တယ်။ များရာစား အမှားတွေ အမှန်တွေထဲက တယောက်ထဲ နေတတ်မှုတွေဟာ အသားတော့ကျနေပါပြီ။ လူထုချစ်စိတ်နဲ့ ကိုယ်ယုံကြည်ရာကိုတော့ ဆက်လက်ဆုတ်ကိုင်နေရအုံးမယ်။

လမ်းစဉ်နဲ့ ခေါင်းဆောင်ကိုတွဲလုံးလို့မြင်တာ။ လမ်စဉ်မှန်ရင် ခေါင်းဆောင်မှန်ဖို့လိုတယ်။ ခေါင်းဆောင်မှန်တိုင်း လမ်းစဉ်မှန်နိုင်ရင်ကောင်းတာပေါ့ ။ လမ်းစဉ်မှားရင် ခေါင်းဆောင်ကောင်းနဲ့ ဆိုရင်တော့ အချိန်မှီပြင်နိုင်ဖို့လိုတာပေါ့။ လမ်းစဉ်မှားရင် ပြင်နေရတာနဲ့ကို လိုရာမရောက်မှာ စိုးရိမ် တယ်။ လမ်းစဉ်လည်းမှား ခေါင်းဆောင်ကလည်းမှား အောက်ခြေကလည်းမပြင်နိုင်ဆိုရင်တော့ ပျက်သုန်းရေးပဲပေါ့။

ရွှေညဝါဆရာတော်ကြီးကိစ္စဟာ ဗမာပြည်နိုင်ငံရေးရဲ့ ပကတိအခြေအနေကို ထင်ဟတ်နေတာပါ။

စစ်အစိုးရက NLDကို ချေဖျက်ချင်တာကို သတိပြုစေချင်တယ်။ သူတို့ ကပါလီမန်ထဲကနေ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို ပြုပြင်ချင်တယ်ဆိုလို့ပါ။ ပါလီမန်ထဲအထိ ရောက်ပါ့မလား။ အခြေအနေကတော့ မြင်တဲ့အတိုင်းပဲ။

လူထုဆိုတာက အခြေအနေရင့်မှည့်တယ်လိုထင်ရင် ယုံကြည်ရင် ဘယ်ပါတီ ဘယ်ခေါင်းဆောင်ကိုမှ ဆောင့်နေတာမဟုတ်ဘူး။ ထတော်လှန်တာပဲ။ ခေါင်ဆောင်မှုအရေးကြီးတယ် ဆိုတာနောက်တကဏ္ဍပေါ့။ တော်လှန်ရေးထဲက လူထုတိုက်ပွဲထဲက ထပ်ပြီးခေါင်းဆောင်ရှာမယ်။ ဗမာပြည်မှာ ယခုလဲရှိနေတာပဲ။ ဆိုလိုတာက လူထုက သူ့လမ်းစဉ်နဲ့သူ သူ့တွက်ဆမှုနဲ့သူ သူယုံကြည်တဲ့ခေါင်းဆောင်နဲ့သူ သူ့အခြေအနေနဲ့သူ ရှိတတ်တယ်လို့ပါ။

ဒီတိုက်ပွဲမှာ NLD က ၂၀၀၈ ဖွဲ့စည်းပုံအောက်က ပါလီမန်ထဲကတဆင့် ပြုပြင်ရေးတခုထဲနဲ့ ခြေကုပ်ယူလျှင် အခက်တွေ့လိမ်မယ်။

၂၀၀၈ ဖွဲ့စည်းပုံဆိုတာ ဒီမိုကရေစီကျင့်ဝတ်သိက္ခာအမဲ့ဆုံး ဖွဲ့စည်းပုံတခုပဲ။ ဗမာပြည် လူ့အဖွဲ့အစည်းကို စနစ်တကျ လူညွန့်တုန်းအောင်လုပ်ထားတဲ့ စစ်အာဏာရှင်စနစ် အုပ်ချုပ်မှု ပုံသဏ္ဍန်တခုပါ။ စစ်အစိုးရကို ထိပ်တိုက်မတွေ့ချင်လို့ကို မရပါဘူး။ ထိပ်တိုက်တွေ့ကြရအုံးမှာပါ။

လူထုတုန့်ပြန်ချက် သမိုင်းအသစ်ကို ဖတ်ရတော့မယ်လို့ စဉ်းစားမိတယ်။


( သံဒုတ် )

PS. ၁၀ တန်းတုန်းက သမိုင်းနဲ့ စာမေးပွဲကျတယ်။ တော်လှန်ရေးမှာ သမိုင်းဂုဏ်ထူးတွေနဲ့ အမှတ် ၁၀၀ ရပြီး စာမေးပွဲအောင်ချင်တယ်။

Wednesday 14 December 2011

ကျောက်ဆည် ( ညီပုလေး )

ဇော်ဂျီချောင်းကို ကျောက်တမံတွေနဲ့

ဆည်ထားတဲ့ ကျောက်ဆည်မြို့ ကြီးရေ

မင်းကိုချစ်ခင်မြတ်နိုး ရိုကျိုးစိတ်အပြည့်နဲ့ ရွှေဆည်မြို့လို ခေါ်ချင်တယ်။

ရွှေဆည်ရေလို့ခေါ်ပါရစေ

ရွှေဆည်ဟာ သမိုင်းလှတယ်၊ အစဉ်အလာကောင်းတယ်၊ မျိုးချစ်စိတ်ရှိတယ်၊

မဟုတ်ရင်မခံဘူး။

ဇာတိမာန်ထက်တဲ့မြို့

လေးစားမိတယ်ရွှေဆည်ရေ

လယ်တွင်းကိုးခရိုင်တိုင်းပြည်၏စပါးကျီ

ဟောဒီဗမာပြည်ရဲ့ အသက်သခင် ကျေးဇူးရှင်စပါးကျီကြီး

ထာဝရ ကျန်းမာချမ်းသာပါစေ

သားဆိုးတစ်ယောက်မွေးခဲ့ မိလို့ 

ဝမ်းရေစပ်ခဲ့ပေမယ့်

သခင်သန်းမြိုင်၊ သခင်တင်ရွှေ၊ သခင်မ မမြရီ၊ ဒေါ်သန်းသန်း၊

ဆရာဦးစိုးဝင်းမောင်တို့ သားအဖတွေလို

သားလိမ္မာ၊သမီးလိမ္မာတွေကြောင့်

အမိရွှေဆည်ရဲ့ 

ဝမ်းကြာတိုက်ဟာ ထာဝရသင်းပျံနေလိမ့်မယ်။

သခင်သန်းမြိုင်၊ သခင်တင်ရွှေအစ ဆရာဦးစိုးဝင်းမောင် အဆုံး

ရဲရင့် သူတို့ရဲ့ သမိုင်းဟာ လပြည့် လလို

ရာသက်ပန် ၀င်းပနေလိမ့်မယ်။

ဝေဘူတောင်၊ မင်းမွေးတောင် ၊ရွှေသာလျောင်းတောင်တို့ဟာ

ရွှေဆည်ကို ကာဆီးထားသလို

လာမည့် မျိုးဆက်သစ် အာဇာနည်တို့ကလည်း

သမိုင်းပြောင်တဲ့မြို့ ရွှေဆည်ရဲ့ ဂုဏ်သိက္ခာကို

ကာကွယ်ကြလိမ့်မယ်။

ေ၇ွှဆည်ရဲ့ ကောင်းသောသမိုင်းတွေရေးထိုးခဲ့မယ့်

အာဇာနည်တွေ၊ သူရဲ့ကောင်းတွေအတွက်

ဂုဏ်ပြု လက်ခုပ်သြဘာသံများ

ချှီးမြှင့်တော်မူပါ ခင်ဗျား ။ ။


(ညီပုလေး)

(ဒီဇင်ဘာလ ၃ရက်နေ့ ၂၀၁၁ခု ကျောက်ဆည်မြို့ စာပေဟောပြောပွဲတွင် စာရေးဆရာ ညီပုလေးမှ ရွတ်ဆိုခဲ့သော ကဗျာ။)

Mandalay Mdy facebook မှကူးယူဖေါ်ပြပါသည်။

Monday 12 December 2011

ဧည့်ခန်းမျက်နှာစာ နံရံပေါ်မှ ခမောက်တခု ( သံဒုတ်)

လွန်ခဲ့သော ၅နှစ်ခန့်လောက်က ကျွန်တော်အိမ်တွင် ခေတ္တခဏ တည်းခိုသွားခဲ့သော အသက် ၅၀ ၀န်းကျင်လောက်ရှိ သူစိမ်း အမျိုးသမီးတဦး လက်ဆောင်ပေးသွားခဲ့သော ခပ်ဟောင်းဟောင်း ခမောက်ကလေးတခုကို မှတ်မှတ်ရရ ဧည့်ခန်းမျက်နှာစာ နံရံတွင် အလှအပ ပစ္စည်းတခုသဖွယ် အမြတ်တနိုး ချိတ်ထားခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်ပါသည်။

...........................................................................................................................................................................

ည ရနာရီ အချိန်တွင် အမျီုးသမီး နှစ်ဦး ကျွန်တော်တို့ အိမ်သို့ ၀င်ရောက်လာပါသည်။တယောက်ကိုတော့ သိပါသည်။ အိမ်အနီး အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသော အမျိုးသမီးတဦးဖြစ်သောကြောင့်ဖြစ်ပါသည်။ မကြာမကြာဆိုသလိုလည်း အိမ်တွင်လာရောက်၍ ဖတ်စရာ စာအုပ်၊စာဆောင်များ လာရောက်ငှားရန်း ဖတ်ရှုလေ့ရှိသောကြောင့်ဖြစ်ပါသည်။ ကျန်တယောက်ကိုတော့ မသိပါ။ ကျွန်တော့်အိမ်သည် အလုပ်သမားအရေး ကိစ္စများနှင့် အလုပ်သမားပြဿနာများကို တတ်နိုင်သလောက် လက်ခံ ကိုင်တွယ်ဖြေရှင်း လေ့ရှိသောကြောင့် အလုပ်သမားများ အိမ်သို့ လာရောက်လေ့ရှိတတ်ပါသည်။

"ဘာကိစ္စများရှိလဲခင်ဗျာ၊ ထိုင်ပါအုံး" ဟုပြောလိုက်ပါသည်။ ကျွန်တော်နှင့်သိသည့် မိန်းကလေး - မသီတာမှ သူနှင့်လိုက်ပါလာသူ အမျိုးသမီးမှာ ညမိုးချုပ်နေပြီဖြစ်၍ အငှါးဆိုင်ကယ်လည်း မရတော့သဖြင့် မြ၀တီပြန်ရန် အခက်အခဲရှိသောကြောင့် တညလောက်တည်း ခိုခွင့်ပြုရန် မေတ္တာရပ်ခံ လာပါသည်။ ရိုရိုသေသေလည်း ပြောရှာပါသည်။ မသီတာကတော့ စက်ရုံကိုပြန်ရမှာ ဖြစ်ပြီး ယခုလိုက်ပါလာသူ အမျိုးသမီးကိုတော့ စက်ရုံထဲ လူစိမ်းခေါ်၍ မရသောကြောင့် ကျွန်တော်တို့ အိမ်တွင် တညတည်းခိုခွင့် လာတောင်းခြင်းပင်ဖြစ်ကြောင်း ကျွန်တော်နားလည်းပါသည်။

ကျွန်တော်က ဘာဖြစ်လို့ ပြန်လို့မရအောင် နောက်ကျသွားတာလဲဟု မေးပါသည်။ ထိုအမျိုးသမီးက စက်ရုံမှ အလုပ်သမားလိုတယ်ဟု ကြားသဖြင့်ရွာမှ ယခုအတူလာသည့် မသီတာ၏ ညီမဖြစ်သူနှင့်အတူ မဲဆောက်သို့ လိုက်လာတာဖြစ်ကြောင်း ရှင်းပြပါသည်။ အလုပ်လာလျှောက်ထားကြသည့် အလုပ်သမားများမှာ ညနေလောက်ကထဲက စက်ရုံအ၀င်ဝတွင် မန်နေဂျာ အင်တာဗျူးခေါ်မည့် အချိန်ကို ဆောင့်နေသော်လည်း မိုးချုပ်မှသာ လူတွေ့ အင်တာဗျူးပြုလုပ်သည်ဟု ဆိုပါသည်။ အလုပ်ခန့်ထားသည့်အခါတွင်လည်း အသက်အရွယ်ငယ်ကြသည့် မိန်းကလေးများကိုသာ အလုပ်ခန့်ထားခဲ့သဖြင့် အလုပ်လာလျှောက်သူ ငယ်ရွယ်သည့် မိန်းကလေးအားလုံး အလုပ်ရသွားခဲ့ကြပါသည်။ သူတယောက်သာလျှင် အသက်အရွယ်ကြီးလွန်းသဖြင့် အလုပ်ခန့်လို့ မရနိုင်သောကြောင့် မန်နေဂျာမှာ ပြန်ခိုင်းလိုက်သည်ဟု ပြောပြပါသည်။ မိုးသိပ်ချုပ်နေသဖြင့် စက်ရုံတွင် တညတည်းခိုခွင့်တောင်း သည်ကိုပင် စက်ရုံမန်နေဂျာမှ ခွင့်ပြုလို့မရနိုင်ကြောင်း ပြောလိုက်သဖြင့် ကျွန်တော်တို့အိမ်သို့ ရောက်လာကြောင်းပြောပြပါသည်။

ကျွန်တော်လည်း အိပ်ပါ၊ရပါတယ်၊ မနက်မိုးလင်းမှ ပြန်ပေါ့ဟုပြော၍ ကောင်းကောင်းမွန်မွန် လက်ခံလိုက်ပါသည်။

အသက် ၄၀ကျော် ၅၀ ၀န်းကျင် အရွယ်ရှိသူများအနေဖြင့် မဲဆောက်စက်ရုံများတွင် အလုပ်ရှာရသည်မှာ အလွန်ခက်ပါသည်။ စက်ရုံအများစုမှာလည်း အသက် ငယ်ရွယ်သူများကိုသာ ဦးစားပေး ရွယ်ချယ်ခန့်ထားကြပါသည်။ နောက်ပြီး အလုပ်ရသည်ထား အုံး တော်တော်ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း လုပ်ကြရပါသည်။ အသက်အရွယ်ကြောင့် ရေရှည် စက်ရုံများတွင် အလုပ်လုပ်နိုင် လိမ်မည်ဟုလည်း ကျွန်တော်မထင်ပါ။

နောက်တနေ့ မနက်ရောက်တော့ ထိုအမျိုးသမီးမှာ ဘာလုပ်ရမလဲ ဆိုသည်ကို ဝေခွဲမရအောင် အခက်အခဲတွေ့နေပါတယ်။ မဲဆောက် ကိုရောက်တာလည်း ဒါဟာ ပထမဆုံးအကြိမ်ဆိုတော့ အခြားစက်ရုံကိုလှည့်ပြီး အလုပ်ကလည်းမရှာတတ်။ ရွာပြန်ဖို့ကလည်း ပိုက်ဆံမရှိ တော်တော်အကြပ်ရိုက်နေပါသည်။ ကျွန်တော်ကတော့ ဒီလိုအသက်အရွယ်နဲ့ဆိုရင် စက်ရုံတွေမှာ အလုပ်ရှာရတာ ခက်တော့မှာပဲလို့ စဉ်းစားမိနေသည်။

နောက်ဆုံးတော့ ကျွန်တော်က ဘာအကူအညီများ ပေးရမလဲဗျာလို့ ပွင့်ပွင့်လင်းလင်းမေးတော့ ...... ကျွန်မကို စက်ရုံတခုခုက တတ်နိုင်ရင် အလုပ်ကလေးရှာပေးပါ။ ရတဲ့အလုပ်ကလေး လုပ်ချင်ပါတယ်။ အလုပ်မရခဲ့ရင်လည်း ရွာကိုပြန်ရမှာပါ။ ရွာပြန်စရိတ်ကလေးရအောင်တော့ တခုခုလုပ်ချင်ပါတယ်။ အပြင်မှာ အလုပ်မရလျှင်လည်း အိမ်ဖေါ်အဖြစ် ကျွန်တော်တို့အိမ်မှာ တလလောက်တော့ခိုင်းပါ။ ခရီးစရိတ် ဘတ် ၁၀၀၀ လောက်ပဲပေးပါပေါ့။ အိမ်ဖေါ်အလုပ်ကို ကောင်းကောင်းလုပ်တတ်ပါတယ်လို ပြောလာပါတယ်။

စက်ရုံတွေသာများသော်လည်း အလုပ်ဆိုတာက အလွယ်တကူချက်ခြင်းရှာလို့ လွယ်လှသည်မဟုတ်ပေ။ နောက်ပြီး ယခုလို အမျိုးသမီး အသက် အရွယ် နှင့်ဆိုလျှင် အလုပ်အလွယ်တကူရရန်မှာ ခက်ခဲနိုင်ပေသည်။ ကျွန်တော်တို့အိမ်မှာကလည်း အိမ်ဖေါ်မလိုအပ်ပါ။ ဒါကြောင့် ထိုအမျိုးသမီးအား ကျွန်တော်တတ်နိုင်သလောက်တော့ အလုပ်ရအောင်စုံစမ်းပေးမယ်ဗျာ။ တရက်နှစ်ရက်တော့ ဆောင့်ပါ။ ခင်ဗျာကံပေါ့ဗျာလိုပြောပြီး အလုပ်ရှာပေးပါသည်။ ကံကောင်းချင်တော့ နှစ်ရက်မြောက်နေ့မှာ သူငယ်ချင်းတယောက်၏ စားသောက်ဆိုင်မှာ အလုပ်ရသွားပါတယ်။ အများဆုံးကတော့ ကလေးထိမ်း အလုပ်လုပ်ရမယ်ဆိုပြီး သူငယ်ချင်းကလာခေါ်သွားပါသည်။

အမျိုးသမီးကြီးမှာ အလုပ်ရသွားသဖြင့် အရမ်းကို ၀မ်းသာနေခဲ့ပါသည်။ ကျေးဇူးတင်ကြောင်းကို အထပ်ထပ်ပြောရှာပြီး သူမှာ ရွာကပါလာသည့် ခမောက်ကလေးကိုတော့ လက်ဆောင်အဖြစ်ပေးခဲချင်ပါတယ်ဆိုပြီး ဇွတ်ပေးရှာပါသည်။ သူအလုပ်ရတဲ့အတွက် ကျွန်တော်လည်း အလွန်ဝမ်းမြောက်ကြောင်းနဲ့ သူပေးသည့် ခမောက်ကလေးကို လိုလိုချင်ချင်ကို လက်ခံခဲ့ပါသည်။ အလုပ်လုပ်တဲ့အခါမှာလည်း စေတနာနဲ့ ကောင်းကောင်းလုပ်ပါမယ်ဆိုပြီး ပြောပြီး သူငယ်ချင်း အလုပ်ရှင်နောက်လိုက်သွားပါသည်။

..................................................................................................................

ကျွန်တော်အလုပ်ရှာပေးခဲ့သော အမျိုးသမီးကြီးမှာ တခါတရံ သူငယ်ချင်း စားသောက်ဆိုင်ရောက်လျှင် ကျွန်တော်ကို ထွက်လာပြီးနှုတ်ဆက် တတ်ပါသည်။ တရက် ဈေးထဲတွင် ပြန်ဆုံးမိပါသည်။ သူနှင့်အတူပါလာသည့် သူ့သမီးလေးကို လည်းမိတ်ဆက်ပေးပါသည်။ သူ့သမီးမှာ တက္ကသိုလ်မှ ဘွဲ့ရပြီးကြောင်းနှင့် ယခုသူနဲ့အတူလာ၍ အတူတူအလုပ်လုပ်နေကြောင်း အဆင်ပြေသည့်အကြောင်းများကို ပြောပြပါသည်။

.................................................................................................................................................................................

ကျွန်တော်အိမ်မှ ဧည့်ခန်းမျက်နှာစာ အုတ်နံရံတဖက်တွင် ကျွန်တော်လေးစားသော ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ပန်ချီကားတချပ်ကိုချိတ်ထားပြီး တဖက်မှာတော့ ထိုအမျိုးသမီးကြီးပေးခဲ့တဲ့ ခမောက်ကလေးကို လိုလိုလားလား ချိတ်ထားခဲ့ပါသည်။

( သံဒုတ် )

Wednesday 7 December 2011

မအော်ဘူး ... ဘယ်တော့မှ မအော်ဘူး ( သံဒုတ် )

၈၈ ကာလ အာဏာသိမ်းပြီးစ တညမှာ ...... ကျွန်တော်တို့မြို့က ဆန်းသစ်လွင်ဆိုတဲ့ ရုပ်ရှင်ရုံရှေ့က နိုးတူးဆိုတဲ့ လက်ဘက်ရည်ဆိုင်မှာ သူငယ်ချင်းတစုနဲ့ လက်ဖက်ရည်သောက် စကားပြောနေကြတယ်။ ကိုကိုကြီးဆိုတဲ့ သူငယ်ချင်းတယောက်လည်း ပါတယ်။ သူက လွန်ခဲ့တဲ့ တပတ်လောက်က ကျောင်းဆရာ လုပ်နေတဲ့ သူငယ်ချင်း တယောက်ကို မိန်းမခိုးတဲ့ ကိစ္စမှာ ကားငှားတာ အထုပ်သယ်တာ ထမ်းတာ အိမ်ရှာပေးတာကအစ ကူညီပေးထားတယ်။

ခိုးရာလိုက်တဲ့ ကောင်မလေးကလည်း အိမ်တွင်းပုန်းပဲဆိုရမလားမသိပါဘူး၊ ပုံစံကတော့ ဘိုင်းကောင်းကျောက်ဖိပေါ့။ အိမ်ထဲက အိမ်ပြင် ထွက်တာသိပ်ရှိတာ မဟုတ်ပဲ ရေချိုးတဲ့ အခါလောက်မှသာ ချောင်းထဲ ရေဆင်းချိုး တာပဲရှိတယ်လို ပြောကြ တယ်။ ရေချိုး ဆင်းရင်း က ညိသွားတယ်လိုဆိုတယ်။ ကောင်မလေးက တဦးတည်းသော သမီး၊ အကိုတွေ မောင်တွေနဲ့ အဒေါ်အပျိုကြီးတွေကြားထဲမှာ ကြီးလာတဲ့သူပေါ့၊ ကျောင်းဆရာ သူငယ်ချင်းကလည်း လယ်ပိုင်ယာပိုင် နွားပိုင် ပါပဲ။ ဒါကို တောသားမိုလို့ သဘောမတူဆိုလားပဲ။

ချုပ်ပြောရရင်တော့ နှမလင်နောက်လိုက်တဲ့ကိစ္စနဲ့ ပါတ်သက်ပြီး ကောင်မလေးဖက်က မောင်တွေ အကိုတွေက အဓိက ကြံရာပါဟာ ကိုကိုကြီးဆိုတာ သိတော့ လာပြီးရန်စ ပြဿနာလာရှာတာပါပဲ။ သူတို့က ညီအကိုတွေ အုပ်စုဖွဲ့ပြီးလာတာဆိုတော့ တခုခုဖြစ်ကြရင် ကိုကိုကြီးဆိုတဲ့သူငယ်ချင်း မချောင်ပါဘူး၊ အင်အားကလည်းမမျှဘူး၊ လက်ဖက်ရည်ဆိုင်ရှေ့ ပလက်ဖေါင်းပေါ်ကနေ ဆောင့်နေကြတာပါ ၊ နောက်ပြီး ကိုကိုကြီးဆိုတဲ့ကောင်က ရန်ဖြစ်လေ့ရှိတဲ့သူလဲ မဟုတ်ပါဘူး။

နောက်ဆုံးတော့ လက်ဖက်ရည်ဆိုင်က အထွက်မှာ ပြဿနာက စဖြစ်တော့တာပါပဲ။ ၀ိုင်းထိုးတော့မဲ့ ပုံပါပဲ။ တယောက်နဲ့ အများပုံ သဏန်ဖြစ်တော့ ကျွန်တော်လည်း ရန်မဖြစ်ဖို့ ကြားက ဖြန်ဖြေပေးတာပါ။ နောက်ပြီး တခုခုဖြစ်များသွားရင် ငါ့မှာတာဝန်ရှိတာပဲဆိုတဲ့ ဘယ်လိုမှ ရှောင်ထွက်လို့လည်းမသင့်တဲ့ အသိက ၀င်နေတယ်။

နောက်တခုက ကိုကိုကြီးရော သူငယ်ချင်းအားလုံးက ရန်ဖြစ်လိုတဲ့ စိတ်လည်းရှိပုံမရတဲ့အပြင် စိုးရိမ်စိတ်တောင် ၀င်နေပုံ ရပါတယ်။ တယောက်ကို အများက ၀ိုင်းပြီးအနိုင်ကျင့်တဲ့အဆင့် အထိရောက် မသွားစေချင်သလို အဲဒီလိုဖြစ်လာရင်တော့ ဘယ်လို့မှ သည်းခံပြီး လက်ပိုက်ကြည့်နေလို့လဲ မသင့်တော်တာကတော့ အမှန်ပါ၊ အားလုံးက ပြဿမဖြစ်ချင်ပဲ ရှောင်ချင်နေကြတာပါ။

တဖက်က တော်တော်ကို တင်းတင်းမာနဲ့ မကျေမနပ်ဖြစ်နေတော့ ကိုယ်ထိလက်ရောက်လုပ်လိုက်မှာကို အဓိက စိုးရိမ်တာပါ၊ အခြေအနေကတော့ ရှောင်လို့မရပဲ ညိမ်ခံရင်ခံ ဒါမှမဟုတ် ခုခံရင်ခုခံ ဒီနှစ်လမ်းပဲတွေ့ပါတယ်။ မလုပ်ပါနဲ့ကွာလို့လဲ ပြောလို့မရ။ သူတို့က မင်းနဲ့မဆိုင်ဘူး။ ၀င်မရှုပ်နဲ့ ဆိုပြီးပြောပေ မဲ့ ရှောင်လို့မရပါဘူး။ ရှောင်လိုက်လို့ တခုခုဖြစ်ခဲ့ရင် ကိုကိုကြီးတော်တော်နာသွားမှာပါ။ ဒါကြောင့် ရှေ့ကကာပြီး မလုပ်ပါနဲ့ကွာဆိုပြီး တောင်းတောင်းပန် ပြောတဲ့အဆင့်ထိကို ရောက်ပါတယ်။ ဒါကို မကြေနိုင် မချမ်းဖြစ်နေတာပါ။

အဲဒီမှာတင် နောက်ထပ် ကိုတင်အေးကို၊ ဆရာပိန်လို့ခေါ်တဲ့ သူငယ်ချင်းနှစ်ယောက်က ကျွန်တော်နဲ့ ရန်ဖြစ်တာထင်ပြီး ကျွန်တော်ဘေး ရောက်လာပြီး ဘာဖြစ်တာလဲ ဆိုပြီး မေလို့ ကျွန်တော်က အခြေအမှန်ကို ရှင်းပြပေါ့။ သူတို့ကလည်း မလုပ်ပါနဲ့ကွာဆို ပြီးဝိုင်း ပြောတာကို မရပဲ ခပ်မာမာခပ်ရင့်ရင့် တုန့်ပြန် ပြောလာတော့ ပြဿနက ဦးတည်ချက်ပြောင်းသွားပြီး သူတို့နှစ်ယောက်နဲ့ ရန်ပွဲဖြစ်တော့တဲ့ အဆင့်ထိကို ရောက်သွားပါတယ်။ ဒါပေမဲ့ သူတို့မိဘတွေက ရန်ဖြစ်နေပြီကြားလို့ လိုက်လာတဲ့အတွက် ရန်ပွဲကတော့ ပြီးသွားတယ် ဆိုပါတော့၊

..............................................................................................................................................................................

မပြီးသေးတာက ---- မာရှယ်လောခေတ်ဆိုတော့ စစ်တပ်ကကားနဲ့ကို အိမ်တိုင်ရာရောက် လိုက်ဖမ်းတာပါပဲ။ မြို့ထဲမှာ ရန်ဖြစ်တဲ့ကောင်တွေ ဆိုပြီး တအိမ်ချင်း လိုက်ခေါ်တာပဲ။စစ်တပ်က အိမ်လိုက်လာတော့ စိတ်ထဲမှာ မသက်မသာဖြစ်သွားတယ်၊ မဆက်ဆံချင်ပဲဆက်ဆံရအုံးမယ် ဘာများဖြစ်အုံးမလဲတော့ မသိဘူးဆိုပြီး စိတ်ထဲမှာ ထင့်နေတယ်၊ အဖေနဲ့ အမေကအိပ်နေပြီ၊ စာကြည့်နေတဲ့ ညီမလေးကိုပဲ မှာပြီးထွက်လာ ခဲ့တယ်။ လာဖမ်းတဲ့ စစ်သားတွေကို ကျွန်တော်ဘယ်သူဆိုတာ ကြိုမှာလိုက်ပုံရတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ထဲဝင်လာတော့ တယောက်က ဟေ့ကောင်တွေသတိထား သပိတ်တုန်းက ကျောင်းသားနော် လို့ပြောလိုက်တဲ့စကားကို ကြားလိုက်ရပါတယ်။

ကျွန်တော်တို့ အားလုံးကို မြို့ထဲက သက်သာချောင်ချိရေးအတွက် အစည်းအရုံးတခုက ဖွင့်ထားတဲ့ အရက်ဆိုင်ကိုခေါ်သွားတယ်၊ ကျွန်တော်ရောက်သွားတော့ ရန်ဖြစ်တဲ့သူအားလုံးက ရောက်နှင့်ပြီးဖြစ်တယ်။ ကိုကိုကြီးအဖေ ဦးအေးကတော့ စိတ်မချလို့ထင်တယ် သူ့သားနဲ့ လိုက်လာတာကို တွေ့ရပါတယ်။ စစ်ဗိုလ်တယောက်က အရက်သောက်နေတယ်။ ရဲ ဒလမတယောက်က သူ့ဘေးမှာ၊ အားလုံးက မတ်တတ်ရပ်လို့ စစ်သားတွေက ဘေးက၀ိုင်းထားတယ်၊ လူစုံအောင် ဆောင့်နေပုံရပါတယ်။

ဲပြဿနာကို မေးမြန်း စစ်ဆေးလိုက်လုပ်ပါတယ်။ အားလုံးကလည်း ကောင်းကောင်းမွန်မွန်ဖြေကြတာပေါ့၊ ကျွန်တော်ကို သေသေချာချာထပ်မေးတယ်၊ ကျွန်တော်ကလည်း ရှင်းပြတယ်၊" ဖြန်ဖြေပေးတာပါ၊ အားလုံးကို မေးကြည့်ပါ" လို့ ပြောပြတယ်၊စစ်တပ်ကွ မင်းတို့ဘာထင်နေလဲ၊ မာရှယ်လောနဲ့ အုပ်ချုပ်နေတာမသိဘူးလားဆိုပြီး ဆဲလိုက်ဆိုလိုက် တော်တော် ကို မောက်မောက် မာမာ ငေါက်လိုက်ငန်းလိုက်ပါ၊ သူတို့အုပ်ချုပ်စဉ် မြို့ထဲမှာ ရန်ဖြစ်တာကို မကြိုက်ဘူး၊ လက်မခံဘူးဆိုတာပါပဲ။ ဒီကောင်တွေကို အပြစ်ပေးရမယ်ဆိုပြီး လမ်းမပေါ်ခေါ်ထုတ် တန်းစီခိုင်းလုပ်တာပါ၊ အပြစ်ဒဏ်အနေနဲ့ ဓါတ်တိုင် ၂တိုင်လောက်ကို အသွားအပြန် ကျွန်တော်တို့ ဖါးခုန် ခုန်ကြရပါတယ်။ ကျွန်တော်သူငယ်ချင်း ကိုတင်အေးကိုက တော်တော်ဝ ရှာတော့ တော်တော်ကြာယုံသာမက ခက်ခက်ခဲခဲကို ခုန်ရတာပါ။

အဲဒီစစ်ဗိုလ်က ဒီလိုအပြစ်ပေးရတာကို စိတ်ကြေနပ်ပုံ စိတ်ထဲမှာတင်းတိမ်ပုံမရသေးဘူး ထင်ပါတယ်။ နောက် .. ထပ်ပြီး အာဏာပြချင်ပုံ ဦးချိုးချင်ပုံ ရပါတယ်။ မြို့ထဲလမ်းမပေါ် ရုပ်ရှင်ရုံနဲကလည်း နီးနီးဆိုတော့ လူတွေက၀ိုင်းပြီးကို အဝေးကနေကြည့်နေတာပါ။ တန်းစီဆိုပြီး ပလက်ဖေါင်းပေါ်မှာ ထပ်ခိုင်းပြန်ပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ဒီကောင်ငါတို့ ဘာခိုင်အုံးမှာလဲဆိုပြီး စိတ်တထင့်ထင့်ဖြစ်နေတာ အမှန်ပါ။

စစ်ဗိုလ်ကပဲ မင်းတို့ တယောက်ပြီးတယောက် " ကျွန်တော် မောင်ဘယ်သူပေါ့ ရပ်ကွက်ထဲက လုပ်သားပြည်သူများကို ဘယ်တော့မှ အနှောက်အရှက် မပေးတော့ပါဘူး " လို့ သုံးကြိမ် ကျယ်ကျယ်အော်ရမယ် ဆိုပြီးထပ်ခိုင်းပါတယ်။ ကျွန်တော်ရဲ့ စိတ်ထဲမှာ ဟာကနဲကိုဖြစ် သွားတာ အမှန်ပါ။ ဒါတော့မဖြစ်နိုင်ဘူး။ ငါတော့ လုံးဝမအော်နိုင်ဘူး ဆိုပြီးစိတ်ထဲမှာ ဆုံးဖြတ်ချက်ကို ချလိုက်တာပါ။ အော်မယ်ဆိုရင် " ကျွန်တော် သံဒုတ် ရပ်ကွက်ထဲက လုပ်သားပြည်သူများကို ဘယ်တော့မှ အနှောက်အရှက် မပေးတော့ပါဘူး " လို့ ၃ ကြိမ် အော်ရမှာပါ။

တန်းစီထားတော့ တယောက်ပြီးတယောက် အော်ရတာပေါ့၊ တချို့သူငယ်ချင်းတွေကတော့ အော်ကြပါတယ်။ ကျွန်တော်အလှည့်လဲ ရောက်လာရော .... ကျွန်တော်မအော်နိုင်ဘူးဆိုပြီး ခေါင်းပါရမ်းချလိုက်ပါတယ်။ စစ်ဗိုလ်က ဟေ့ကောင် ..မင်းအလှည့် အော် ....ဆိုပြီးထပ်ပြောပါတယ်။ အဲဒီလို ကျွန်တော်မအော်နိုင်ဘူးဆိုပြီး သေချာအောင်ထပ်ပြောလိုက်ပါတယ်။ အားလုံးက စစ်ဗိုလ်ကို ကြည့်လိုက် ကျွန်တော်ကိုကြည့်လိုက်ဖြစ်နေပါတယ်။

ဘာမပြောညာမပြော အဲဒီစစ်ဗိုလ်က ကျွန်တော်မျက်ခွက်ကို ထိုးချလိုက်တာပါ။ ဆက်တိုက်ဆိုသလိုပါ ပယ်ပယ်နယ်နယ်ကို ဘယ်ပြန်ညာပြန် ထိုးတာပါ၊ ကျွန်တော်ကလည်း မခုခံတော့ မျက်နှာကို တည်ပေးနေသလိုပါ၊ ဘာကြောင့် မိမိကိုယ်ကိုမိမိ မခုခံ မကာကွယ် တာလဲဆိုတာကိုတော့ စဉ်းစားလို့ကို မရပါဘူး။ တောင့်ခံလေ ဆက်ဆက်ပြီးကို ထိုးတာပါ။ ကျွန်တော့ပါးစပ်က သွေးတွေစီးလာတယ်။ ပါးစပ်ဟလို့မရတော့ဘူးဆိုတာ သတိထားမိတယ်။ကျွန်တော် ထပ်ပြီးပြောလိုက်တယ် " မအော်ဘူး " လို့၊ စစ်ဗိုလ်က ထပ်ထိုးပါတယ်။ ဒါပေမဲ့ ဒီကောင်နဲနဲတွန့်သွားတယ်။ ကျွန်တော်ထပ်ကိုပြောလိုက်တယ် " မအော်ဘူးကွာ " ။ ဒါပေမဲ့ စကားက မပီတော့ပဲ လုံးလုံးထွေးထွေးနဲ့ ပါးစပ်ပဲဟနေတော့ တယ်။ နောက်ဆုံးတချက်ထပ်ထိုးတဲ့ အချိန်မှာတော့ ဒူးထောက်ကျသွားတယ်။ ကျွန်တော်ပြန်ထပြီး ခေါင်းရမ်းလိုက်တယ်။ သွားရည်တွေရော သွေးတွေရော ပါးစပ်က ကျနေပြီ၊ စစ်ဗိုလ်က ထပ်ထိုးဖို့လုပ်တဲ့ အချိန်မှာတော့

ကိုကိုကြီးအဖေ ဦးအေးက ....... မလုပ်ပါနဲ့တော့ ဗိုလ်ကြီးရယ် .. မလုပ်ပါနဲ့တော့.. တောင်းပန်ပါတယ်။ ကလေးကို ခွင့်လွှတ်ပါ ဆိုပြီး တောင်းပန်ပြီးပြောနေပါတယ်။ ဒီကောင်ကို ခေါ်သွားတော့လို့ ဆိုပါတယ်။

ဦးအေးနဲ့ သူငယ်ချင်းတွေက အိမ်အထိ လိုက်ပို့ဖို့ပြောကြပါတယ်။ မပို့ပါနဲ့ဗျာ ရပါတယ်ဆိုပြီး ပြန်လာခဲ့တယ်။ ၀ိုင်းကြည့်နေတဲ့ လူအုပ်ကြားက ထွက်လာရင်း မီးမှိန်မှိန် ကျောက်ဆည်က လမ်းမပေါ် တစိမ့်စိမ့်တွေးရင်း အဓိပါယ်ရှိရှိ လမ်းရှောက်လာခဲ့တယ်။

" ကျွန်တော် သံဒုတ် ရပ်ကွက်ထဲက လုပ်သားပြည်သူများကို ဘယ်တော့မှ အနှောက်အရှက် မပေးတော့ပါဘူး " ဆိုပြီး ကျွန်တော်မအော်ချင်ဘူး။ ဘယ်တော့မှလည်း အော်မှာ မဟုတ်ဘူး။ သူတို့ဘာကြောင့် အော်ခိုင်းတယ်ဆိုတာ ကောင်းကောင်းသိတာပေါ့။ ကျွန်တော်တို့က တက်ကြွတဲ့ သပိတ်မှောက် ကျောင်းသားတွေဆိုတဲ့ အညှိုအတေးနဲ့ပါ။

အိမ်ရောက်တော့ ညီမလေးကို အဖေနဲ့ အမေကို မနှိုးပါနဲ့ကွာလို့ပြောပြီးအိပ်ရာထဲတန်း ၀င်လိုက်တယ်။ ဒီနေ့ညမှာတော့ မျက်နှာက

ဒဏ်ရာတွေကို အဖေနဲ့ အမေကို မမြင်စေချင်တာရော။ အဖြစ်အပျက်ကို ဇတ်စုံခင်းမပြချင်တာဖြစ်ပါတယ်။

ကျွန်တော် မေးရိုးတွေဟာလည်း ပြုတ်ကုန်ပြီး ပါးစပ်ဟာ တပတ်လောက်ကျော်ကျော်လောက် ပိတ်လို့ စိလို့မရတော့ပဲ သွားရည်တွေကျနေလို့ လက်ကိုင်ပ၀ါဖြင့် ပိတ်ထားရပါတယ်။ မျက်နှာတခုလုံးက ညိုမဲနေတယ်။ အဖေနဲ့ အမေဟာ တော်တော်စိတ်ထိခိုက် သွားကြတယ် ဆိုပါတော့။

အဖြစ်အပျက်အားလုံးကို အမှတ်ရနေဆဲပါပဲ။

( သံဒုတ်)

( ကိုတင်အေးကိုနဲ့ ဆရာပိန်ဟာ မန္တလေးသပိတ်တပ်ပေါင်းစုက သပိတ်ကာလ အထက်ဗမာပြည် ညီလာခံခေါ်ဘို့ မြေလတ် ( ငဖယ်ဖက် ) ကိုစည်းရုံးရေးလွှတ်တဲ့အခါမှာ သွားခဲ့ကြတယ်။ ကျောက်ဆည် သပိတ်အမှုနဲ့ ထောင်၁၁ နှစ်ကျပြီး ထောင်ထဲမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇နှစ်လောက်နေခဲ့ကြရတယ်။ ကိုတင်အေးကိုကတော့ ထောင်ကလွတ်ပြီးမှာ ဆုံးသွားပြီ။ ဆရာပိန်ကတော့ ရှိအုံးမယ်ထင်တယ်။ သပိတ်မှာ တက်တက်ကြွကြွပါခဲ့တဲ့ ရန်ကုန်တက္ကသိုလ်က ကိုကိုကြီးရော ကျောင်းသားတွေကို တက်တက်ကြွကြွထောက်ခံခဲ့တဲ့ ဦးအေးလည်း သေဆုံးသွားကြပါပြီ။ ကျွန်တော်၊ ကိုတင်အေးကို၊ ဆရာပိန်နဲ့ တချို့သူငယ်ချင်းများ ကျေးလက်ကို အခြေခံ မြို့ပြကို ၀ိုင်မယ်ဆိုပြီး ကျောက်ဆည် အရှေ့ဖက်က ရှမ်းတောင် တန်းတွေဖက် ခရီးဆက်ကြသေးတယ်။ တသက်တာ သတိရဖွယ် သူငယ်ချင်း မိတ်ဆွေများပါ။)

ပြီးပါပြီ။

....................................................................................................................................................................

ခေါင်းစဉ်မရှိဘူး - ရေးချင်တာရေးနေတာ - ထင်ရာမြင်ရာ ( သံဒုတ် ) - အပိုင်း ၂

တချို့ တချို့ကရီစရာတွေ သိပ်ပြောတတ်ကြတာပဲ။ အမှန်တရားတဲ့၊ မူတွေ လမ်းစဉ်တွေတဲ့၊ သစ္စာတရားတဲ့၊

သစ္စာ မေတ္တာ ရွှေမန်သဘင်တွေဖြစ်သွားတယ်။

သူတို့ပြောမှ သိန်းအောင် ပေါစံကိုသတိရပြီး ၀က်ဝက်ကွဲအောင် ရီမိတယ်။ အူတက်အောင်ရီ ရီရလွန်းလို့

ဗိုက်တွင်းကျောတွေတောင်နာရပေါ့။

ကျွန်တော်လည်း တသက်မှာတခါလောက် အမှန်တရားဆိုတဲ့ စကားလုံးကလေး မသေခင် ပြောကြည့်ချင်တယ်၊

တူသလားတန်သလားတော့ မသိဘူး၊

ရှေးရှေးတုန်းကနိုင်ငံရေး။ စာအုပ်ထဲ သမိုင်းထဲကနိုင်ငံရေး။ ကျွန်တော်တို့ခေတ် ကွန်ပြူတာနိုင်ငံရေး။

ဆီလည်ရေလည် နိုင်ငံရေး။ ရေပေါ်ဆီ နိုင်ငံရေး။ ဆီပြန်နိုင်ငံရေး။

ဲမြို့ပြနိုင်ငံရေး၊ ကျေးလက်နိုင်ငံရေး၊ ရန်ကုန်နိုင်ငံရေး။ မန္တလေးနိုင်ငံရေး။ ကျောက်ဆည်နိုင်ငံရေး။

ကျွန်တော်ကတော့ ကျေးလက်နိုင်ငံရေးနဲ့ ရေလုံပြုတ်နိုင်ငံရေးကို သဘောကျတယ်။

ဘ၀ဆိုတာကို ဘုလည်းမသိ ဘလည်းမသိ၊ အသိနဲနဲ၊ အတွေးနုနု ခံစားချက်နဲ့ ပိုင်းဖြတ်ခဲ့ ခြေတလှမ်းဟာ ...

အို ...မိုင်ပေါင်း ၂၃နှစ်ကျော်ယုံသာမက အဆုံးမသတ်နိုင်သေးဘူး၊ ဒါကိုပဲ ကိုယ်ကိုကိုယ် ချစ်နေရတယ်၊

ဖြစ်ချင်တာတွေက မဖြစ်သေးတော့......... ဖြစ်ကတတ်ဆန်းတော့ သွားလို့မရဘူး။

တန်ရာတန်ကြေးကိုကြိုက်တယ်။ တောင်းစားရမှာရှက်တတ်တယ်၊ လုပ်အားကို ချစ်တယ်။

ငယ်ငယ်တုန်းကအတိုင်း သူများစားတာကို မမျှော်တတ်ဘူး၊

စားသူစား၊ ငတ်သူကငတ်၊ ကြပ်သူကကြပ်ကြတယ်။ ခေတ်ပျက်သူဌေးလည်းများလာတယ်၊

မွေးနေ့ပွဲလုပ်ရင် အလုပ်ရှုပ် ပိုက်ဆံကုန်တာပဲ အဖတ်တင်မှာပေါ့၊

ဒီလူ့အဖွဲ့အစည်းအတွက် ဘာကောင်းကျိုးတွေ ကျွန်တော်က ထိထိရောက်ရောက် လုပ်ခဲ့လို့ ................

အရေးပါအရာရောက်ချင်ရတာတုန်းလို့ .......ပဲ မေးစရာရှိတယ်၊

အမေကတော့ မွေးနေ့ရောက်တိုင်း သတိရ မျှော်နေအုံးမယ်၊ အဖေက အမေထက် မွေ့နေ့ဆိုကြိုသတိရတယ်တဲ့။

ဒါပေမဲ့ အဖေမရှိတော့ဘူး၊ အဖေနဲ့အမေဟာ ကျွန်တော်ရဲ့ သူရဲကောင်းတွေ။

ဒါတောင် မိဘကို တပြားတချပ်မှ မပေးဘူးခဲ့တဲ့ကောင် ကျေးဇူးကို ဘာနဲ့ဆပ်မလဲ၊

အတွေးအခေါ် လွတ်လပ်မှုမရှိရင် မျက်ကန်းတယောက်လို စမ်းတ၀ါးဝါးနဲ့ သူများတွဲခေါ်ရာ တကောက်ကောင်လိုက်နေရမှပေါ့။

လွတ်လပ်စွာတွေးခေါ်မှုတွေကို သတ္တိနဲ့ ချိပ်ဆက်ထားရမယ်။ဒါမှ ငါတို့ကို မှိုင်းတိုက် ၀ါဒဖြန့်မှု အမိုက်အမှောင်တွေက လွတ်ကြောင်းရယ်ဖန်၊

ကံစီမံရာ ခေါင်းငုံ့ခံစရာ မလို။

ဆက်ရန် ..............

Saturday 3 December 2011

ဥပတိရုပ်ကြည့်ပြီး ခန့်မှန်းရခက်သော ဘိုသိန်းစိန် နှင့် ကိုယ်လုပ်မှ ကိုယ်စားရမှာပါပဲ။ ( သံဒုတ် )

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီပြောသလိုပဲပြောရရင် အင်္ဂါရုပ်မဖတ်တတ်ဘူး။ လက်တွေ့နဲ့ပဲ ကြည့်ရပါမယ်တဲ့၊ ဘိုသိန်းစိန် ဥပတိကတော့ နဘူးပြောင်ပြောင် လူလိမ်ရုပ်ပါပဲ။ ဟီလာရီကိုတော့ အင်္ဂါရုပ် မဖတ်တတ်တော့ သူ့စကားအတိုင်း အမေရိကန်နောက်ခြေလှမ်း ရှေ့ခြေထိုးစသည်ဖြင့် လက်တွေ့လုပ်ရပ်ပေါ် ကြည့်ရပါမယ်။ လာမယ်ကြာမယ်မျှော်၊

အမေရိကန်ဆိုတာ ဗမာပြည်အရေးမှာ ၀င်တာကြာလှပါပြီ။ အထုပ်နဲ့ အထည်နဲ့တော့ မဟုတ်ဘူးပေါ့၊ သူ့မွေးလို့ ကျွေးလို့ proposal တွေ Project တွေချပေးလို့ ကားစီး၊တိုက်ဆောက်၊မြေ၀ယ်၊ခြံဝယ်၊ သတင်းပေးသတင်းယူ၊ ဥပဒေဘောင်ထဲက auditors နဲ့ပင်းပြီးလုပ်စားနဲ့ ဗမာပြည် ဒီမိုကရေစီရေးလုပ်နေသူတွေ အများကြီးပါ။ ငွေရ၊ ကြီးပွားပြီး မသိတဲ့သူတွေရဲ့ နိုင်ငံရေးခေါင်းဆောင်ဆိုပြီး အထင်ကြီးခံရပါသေးတယ်။

တရုပ်ကတော့ ပေးတာကျွေးတာမရှိဘူးလို့ ပြောကြပါတယ်။ တရုပ်ကတော့ ဗမာစစ်အစိုးရကို ရင်ခွင်ထဲထည့်ပြီး တယောက်ထဲ ကြိတ်စား နေတယ်၊ စစ်အစိုးရနဲ့တောင်ပင်းပြီး တိုင်းပြည်ကို ဖျက်မလို့ (ဧရာဝတီကိစ္စလို) လုပ်လာတဲ့အတွက် လူထုက သည်းမခံနိုင်တဲ့ အဆင့်ကို ရောက်လာပါတယ်။

တရုပ်၊အမေရိကန်နှင့် သိန်းစိန်အစိုးရတို့၏ ၃ဦးသုံးဖလှယ်က ချိန်ချိန်ဆဆ ဆက်ဆံနေကြတာပါ။ နင်လည်းကောင်း၊ ငါလည်းကောင်း၊ သူလည်းကောင်း သံတမန်စကားလေးတွေကတော့ လှပါတယ်။

ဘယ်ဂွင်ဟာ အကောင်းဆုံးလဲဆိုတာ ရှာနေတာပါ၊ အားလုံးဟာ ဖျံတွေပါ၊ အားလုံးက အပြောတွေကတော့ မန္တလေး ရွှေမန်းတင်မောင်ထက် သာသူတွေကြည့်ပါပဲ။ ( ပါလီမန် ရွှေမန်နဲ့ မမှားစေချင်ပါ။)

ဗမာပြည် ဒီမိုကရေစီဆိုတာ ဒုတိယနေရာမှာရှိရင် ကံကောင်းပေါ့။ နတ်ကရာ ကျီးမော (ကြည့်မော) နေလို့ မရပါ၊

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး။ ပြည်တွင်းစစ်ရပ်စဲရေးအပေါ်သဘောထား မှတ်ကျောက်တွေနဲ့သာ တွက်ချက်ချင်ပါတယ်။

ကိုယ်လုပ်မှ ကိုယ်စားရမှာ ပါပဲ။

ကဲ ကိုယ်အားကိုယ်ကိုးကြတာပေါ့။

(သံဒုတ်)

Twitter Delicious Facebook Digg Stumbleupon Favorites More